ဝိတ်များများကျဖို့ Zumba ဆော့မလား၊ ယောဂကျင့်မလား
အဆင့်မြင့် Gym ခန်းမတွေမှာ လေ့ကျင့်ခန်းလုပ်တာအပြင် သီးသန့် Class အနေနဲ့ Zumba ကစားတာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး တွဲလျက်ပါရှိတာကို သတိထားမိမှာပါ။ ဒီလေ့ကျင့်ခန်း ၂ ခုလုံးဟာ Gym ကစားအပြီး စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အတူလေ့ကျင့်ခန်းလုပ်ဖို့အတွက်ရော၊ ကိုယ်အလေးချိန်ကျဖို့အတွက်ပါ ကောင်းကျိုးရှိတဲ့ ကစားနည်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Zumba Class တွေဟာ လူစိတ်ဝင်စားမှုအလွန်များပြီး ယောက်ျားလေးတွေကတော့ ယောဂလေ့ကျင့်ခန်းကို ရွေးချယ်မှု အလွန်နည်းကြပါတယ်။
Zumba လေ့ကျင့်ခန်းကို အလွယ်ရှင်းပြရမယ်ဆိုရင် မြူးကြွတဲ့ တီးလုံးတွေ၊ တေးသီချင်းတွေနောက်မှာ ရှေ့က နည်းပြဆရာနဲ့အတူ စည်းချက်ညီညီ ကခုန်ရင်း လေ့ကျင့်ခန်းလုပ်ရတဲ့ ပုံစံပါ။ ယောဂ (Yoga) ကတော့ တေးဂီတသံတီးတိုးလေးအောက်မှာ ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုကို ဖြည်းညင်းစွာ စီးမျောရင်း အကြောလျှော့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။
ဒီလေ့ကျင့်ခန်း ၂ ခုလုံးမှာ တူညီတဲ့ ကောင်းကျိုးတွေအနေနဲ့
- ကိုယ်အလေးချိန် ကျစေဖို့
- ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထားကို ဟန်ချက်ညီစေဖို့
- နှလုံးခုန်နှုန်း အားကောင်းစေဖို့
- လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားနာကျင်ကိုက်ခဲခြင်းကို သက်သာစေဖို့
- တင်းမာနေတဲ့ အကြောတွေကို လျှော့ပေးဖို့
- အစာစားချင်စိတ်ကို ပိုဖြစ်စေဖို့
- ကောင်းစွာ အိပ်စက်အနားယူနိုင်စေဖို့
- သက်လုံကောင်းပြီး အမောခံနိုင်ရည်ရှိစေဖို့
- ခန္ဓာကိုယ်ကြွက်သားတွေကို ထပ်မံလေ့ကျင့်ပေးဖို့
- သွေးစီးဆင်းနှုန်းမြန်စေဖို့ ကူညီပေးပါတယ်။
Zumba လေ့ကျင့်ခန်းကတော့ ဝိတ်ကျစေဖို့ကို အဓိကဦးတည်ထားပြီး ကစားနေရတဲ့ အချိန်တောက်လျှောက်မှာ ကခုန်လှုပ်ရှားနေရပြီး၊ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအများစု (အထူးသဖြင့် လက်မောင်း၊ ခြေသလုံးနဲ့ တင်ပဆုံကြွက်သားများ) ကို အသုံးပြုပါတယ်။ လှုပ်ရှားမှုအားပြင်းတာကြောင့် ချွေးပိုထွက်တဲ့အတွက် လူငယ်တွေ ပိုကြိုက်ကြပါတယ်။ အကကို အခြေပြုတဲ့ လက်တင်စတိုင် လေ့ကျင့်ခန်းလုပ်တဲ့ပုံစံဖြစ်ပြီး နှလုံးကြွက်သားအားကောင်းစေဖို့ကိုလည်း ကူညီပေးပါတယ်။
ယောဂလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ရဲ့ တင်းမာနေတဲ့ ကြွက်သားများကို ပြေလျော့စေကာ အကြောတွေလျှော့ပေးတယ်။ Zumba နဲ့ လုံးဝဆန့်ကျင်ဘက် ပြင်းထန်မှု၊ လျင်မြန်စွာလှုပ်ရှားမှု မရှိဘဲ ဖြည်းညင်းစွာ စိတ်အာရုံကိုစုစည်းပြီး လှုပ်ရှားရတယ်။
ဝိတ်ကျဖို့အတွက်တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တော့
- Zumba သည် ယောဂလေ့ကျင့်ခန်းထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုများပါတယ်။
- Zumba သည် နှလုံးခုန်နှုန်းအားကောင်းစေပြီး ချွေးပိုထွက်စေလို့ ခန္ဓာကိုယ်ကို ကယ်လိုရီပိုမိုလောင်ကျွမ်းစေဖို့ ကူညီအားဖြည့်ပေးပါတယ်။
- Zumba ဟာ ဆက်တိုက်ကခုန် လှုပ်ရှားနေရတာဖြစ်လို့ အတန်းစချိန်မှ ပြီးဆုံးချိန်အထိ လှုပ်ရှားနေရတာဖြစ်လို့ ပိုမိုသန်မာစေပါတယ်။
အကြံပေးရမယ်ဆိုရင် <Gym မှာ လေ့ကျင့်ခန်းလုပ်ဖို့သီးသန့်မဟုတ်ဘဲ Class တွေကိုပါ ဝင်ပါချင်သူများ၊ ဝိတ်ကျချင်သူများအနေနဲ့ တစ်ပတ် ၇ ရက်မှာ ၅ ရက်ကို Zumba ကစားမယ်ဆိုရင် ကျန်တဲ့ ၂ ရက်ကို ယောဂကျင့်ပြီး Zumba ဆော့တဲ့ရက်ကြားမှာ အလှည့်ကျစီ ကစားပေးသင့်ပါတယ်။ လေ့ကျင့်ခန်း ၂ ခုလုံးမှာ တူညီတဲ့အာနိသင်တွေရော၊ ကွဲပြားတဲ့ ကိုယ်ပိုင်အကျိုးကျေးဇူးတွေပါ ရှိတာကြောင့် အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အကျိုးရှိစေမှာပါ။
အသက်ကြီးသူများ၊ လူကြီးအရွယ်များအနေနဲ့ ကောင်းစွာလှုပ်ရှားနိုင်မှုမရှိဘူးဆိုရင်တော့ ယောဂလေ့ကျင့်ခန်းကို ပိုကစားပေးပြီး Gym ကစားတာ အသားကျလာတော့မှသာ Zumba လေ့ကျင့်ခန်းတွေကို ဝင်ကစားသင့်ပါတယ်။ Class တွေကို ဝင်မကစားခင်မှာ ကိုယ့်နည်းပြဆရာနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်မှာရှိတဲ့ ကျန်းမာရေးအခြေအနေတွေကို ကြိုပြောပြပြီးမှ သင့်တော်တဲ့ Class တွေကို အချိန်ဇယားအလိုက် ကစားပေးတာ ပိုကောင်းပါတယ်။
ဒီ Class တွေဟာ ချွေးအလွန်ထွက်ပြီး အားအင်ကုန်ခမ်းတဲ့အတွက် ပြီးသွားတဲ့အခါ ဗိုက်ပြည့်စေပြီး အားရှိမယ့် အစားအစာတွေကို စားပေးဖို့လိုအပ်တဲ့အပြင် ညဘက်မှာ စောစီးစွာ အိပ်ပျော်နိုင်ဖို့ကိုလည်း ကူညီပေးမှာပါ။
ရေးသားသူ - ရဲမျိုးမြတ်